09/08/2025
"MLWC 10"
စူပါရေချမ်း Vs Marc Entenberg (အမေရိကန်) (BKFC fighter)
ရိုးရာလက်ဝှေ့လောကမှာ တလောလေးက အတော်လေးဂယက်ထခဲ့တဲ့ BKFC ရဲ့ အာရှ ဥက္ကဋ္ဌကိုယ်တိုင် ရွေးချယ်စေလွှတ်လိုက်တဲ့ အမေရိကန်ဖိုက်တာ မာ့ခ် အန်တန်ဘတ်ကို သိမ်ဖြူမှာကြည်ဖြူစွာလက်ခံရင်ဆိုင်မယ့်သူက ရိုးရာလက်ဝှေ့ဒီဘက်ခေတ်မှာ စူပါ့စူပါစူပါစတားတယောက်လို့တောင်ဆိုရလောက်အောင်နာမည်ပေါက်လာတဲ့ စူပါရေချမ်းပဲဖြစ်ပါတယ်။
မာ့ခ်အန်တန်ဘတ်ဟာ MMA ဘင်ဂရောင်းကလာသူဖြစ်ပြီး ဗလာလက်သီးပွဲတွေလည်းနွှဲခဲ့တဲ့အတွေ့အကြုံရှိထားသူလို့သိရပါတယ်။ သူကျင်လည်ခဲ့တဲ့ ဗလာလက်သီးပွဲဆိုတာ ရိုးရာလက်ဝှေ့မှာလိုတောင် ပတ်တီးမစည်းဘဲ လုံးတီးလက်သီးဆိုတာမျိုးထိုးခဲ့တာလို့ဆိုပါတယ်။
ဒါကြောင့်လည်း ရိုးရာလက်ဝှေ့ကိုကမ္ဘာ့မာရှယ်အတ်ပြိုင်ပွဲနယ်ပယ်မှာတင်ဆက်ချင်လို့ ဒီဘက်ကအဖွဲ့ချုပ်နဲ့ ဆက်သွယ်ကြိုးပမ်းနေတဲ့ BKFC ဟာ သူတို့ရဲ့လက်ရွေးစင်ကိုစေလွှတ်ပြီး ရိုးရာလက်ဝှေ့ကိုမြည်းစမ်းစေရင်း ဒီဘက်ကရိုးရာလက်ဝှေ့ပရိသတ်နဲ့ရင်းနှီးမှုရယူဖို့ကြိုးစားလာတာဖြစ်နှိုင်ပါတယ်။ ဒီလိုပြောတဲ့အတွက် သူတို့ဟာ စူပါရေချမ်းကောက်စားဖို့မာ့ခ်အန်တန်ဘတ်ကို ထိုးကျွေးတာမျိုးလို့ ကောက်ချက်ဆွဲမစောသင့်ပါဘူး။ သူတို့ဟာ ကမ္ဘာကိုခြေဆန့်မယ့် မာရှယ်အတ်ပွဲစီစဥ်တဲ့အဖွဲ့အစည်းကြီးမို့ သူတို့ရဲ့ဂုဏ်သိက္ခာအမှတ်တံဆိပ်ကို မာ့ခ်အန်တန်ဘတ်ဆီမှာခတ်နှိပ်လွှတ်လိုက်ရတယ်ဆိုတာ သဘောပေါက်ပြီးသားဖြစ်ပါလိမ့်မယ်။ဝိတ်တူပေမယ့်အရပ်အမောင်းက အမေရိကန်ပီပီ စူပါရေချမ်းထက် တမိုက်သာဆိုတာမျိုးဖြစ်နေလောက်တာမို့ အဲဒီအားသာချက်ကို အားထားလာမယ့်သဘောလည်းရှိနေပါတယ်။ ထို့အတူပဲ ဒီဘက်ကပွဲစီစဥ်သူတွေအနေနဲ့ကလည်း ပွဲကောင်းရေးဆိုတာအတွက်သာမက ရိုးလက်ဝှေ့ရဲ့ပုံရိပ်ကိုမြှင့်တင်ရေးနဲ့ အိမ်ကွင်းပရိသတ်တွေရဲ့စိတ်ခံစားမှုဆိုတဲ့အချက်လည်းထည့်တွက်ရတာမို့ စိတ်ချရတဲ့ စူပါရေချမ်းနဲ့လက်ရည်စမ်းဖို့စီစဥ်လိုက်တာဖြစ်ပုံရပါတယ်။ ကရင်ပြည်နယ်မှာ ပတ္တမြားငမောက်အမည်နဲ့ရိုးရာလက်ဝှေ့ထိုးခဲ့ပြီး အနောက်တိုင်းလက်ဝှေ့လက်ရွေးစင်လည်းဖြစ်ခဲ့သူ ကရင်ပြည်နယ်ရိုးရာလက်ဝှေ့ခုံဒိုင်ချုပ်တာဝန်ပါထမ်းဆောင်ခဲ့သူ ဆရာကြီးဦးစောကျော်သိန်းတူရဲ့မျိုးဆက်သစ်ကလပ်မှာ အသက် ၆ နှစ်သားအရွယ်ကလေးဘဝကတည်းက အကိုဖြစ်သူ စူပါနဲ့အတူလက်ဝှေ့ပညာဆည်းပူးရင်း ကရင်ပြည်နယ်တခွင် ကလေးပွဲတွေလည်းနွှဲခဲ့တဲ့စူပါရေချမ်းရဲ့ လက်ရှိဘိလပ်မြေစက်ရုံအဖွဲ့သားအနေအထားကတော့ ပရိသတ်ကြီးလည်းသိထားပြီးသားမို့ ပြောနေရင်ရွှေဖလားကိုငွေနားကွပ်သလိုဖြစ်နေမှာစိုးရပါတယ်။ မာ့ခ်အန်တန်ဘတ်က အသက် ၃၂ နှစ်ဆိုတဲ့အပြင် ရေပြောင်းမြေပြောင်းမှာ သက်လုံအကျစောနှိုင်တာကိုတွက်ပြီးစူပါရေချမ်းကငယ်ဂုဏ်သက်လုံနဲ့လျင်မြန်မှုအားကိုးဗျူဟာဆင်မယ်လို့တွက်ဆရပါတယ်။ ဒါကြောင့် ဒီမောင်နှစ်ယောက်ရဲ့ပွဲဟာ ပြိုင်ပွဲကြီးရဲ့ခေါင်းစဉ်ကိုပီပြင်အောင်ဖော်ကျူးနိုင်လိမ့်မယ်လို့သာ ဆိုရပါတော့မယ်။
ကျင်းပမည့်နေ့ရက် ။ ။ ၁၇၊ ၈၊ ၂၀၂၅ (တနင်္ဂနွေ)
အချိန်။ ။ နေ့လယ် ၂ နာရီ
နေရာ။ ။ သိမ်ဖြူလက်ဝှေ့ရုံ၊ ရန်ကုန်
လက်မှတ်ဝယ်ယူရန်
☎️ ဖုန်း: 09 789 951 817, 09 666 455 320
လက်မှတ်စျေးနှုန်းများ
၁၀၀,၀၀၀ ကျပ် (ကြိုးဝိုင်းဧရိယာ၊ ရှေ့ဆုံးတန်း)
၅၀,၀၀၀ ကျပ် (ကြိုးဝိုင်းဧရိယာ၊ ၁၀၀,၀၀၀ တန်းနောက်ဘက်)
၃၀,၀၀၀ ကျပ် (လျှောက်လမ်းဧရိယာ)
၁၅,၀၀၀ ကျပ် (ရိုးရိုးတန်း (ခုံနံပါတ်မပါ)၊ ရုံအပေါ်ထပ်)