15/07/2023
#သစ်ပင်တွေကိုလွယ်လွယ်မစိုက်စေလို
#ကျော်ရင်မြင့်
မိုးဦးကျတာနဲ့ မြန်မာနိုင်ငံအနှံ့မှာ သစ်ပင်စိုက်မယ့်အသံတွေ ကြားလာရတယ်။ သစ်ပင်စိုက်ပွဲဆိုတာကိုလည်း နှစ်စဉ်ပဲ မြင်ရ၊ ကြားရတယ်။ သစ်ပင်ကို တကယ် ချစ်မြတ်နိုးလို့ စိုက်ကြတာလား။ ရာသီပေါ် ပေါ်ပင်စိုက်နေကြတာ လား။ ပြန်စဉ်းစားသုံးသပ်သင့်ပါတယ်။
သစ်ပင်ကို ချစ်မြတ်နိုးလို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ သစ်ပင် စိုက်ကြတာ ဆိုရင် ကြိုဆိုပါတယ်။ ပေါ်လစီဇယားအရ ဇွန်လဆိုရင် သစ်ပင်စိုက် ရမယ်ဆိုပြီး ထ ထစိုက်တာမျိုး ဆိုရင်တော့ နှစ်စဉ်ဖြုန်းတီးပစ်ခဲ့ကြတဲ့ ပျိုးပင်တွေက နှမြောစရာကောင်း လှပါ တယ်။ ကျွန်တော်တို့အားလုံး သစ်ပင်တွေကို မြတ်မြတ်နိုးနိုးသာ စိုက်ပျိုးခဲ့ကြမယ် ဆိုရင် ရွှေနိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပွဲတော်အစွမ်းနဲ့ စိမ်းလန်း ရုံမက ကျွန်တော်တို့ စိုက်ခဲ့ကြတဲ့ သစ်ပင်တွေက သစ်တွေတောင် ထုတ်ရောင်းနိုင်အောင်ကြီးကြရော့မယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး ဘယ်နည်း၊ ဘယ်ပုံနဲ့ နှစ်စဉ်သစ်ပင် တွေကို စိုက်ခဲ့ကြတာလည်းဆိုတာ အားလုံး သိပါတယ်။
ရှေးကာလများက ရာသီပေါ်သစ်ပင်စိုက်ပွဲတော်မှာ ကုန်ကျခဲ့ရတဲ့ ပျိုးပင်ကုန်ကျစရိတ်တွေ နည်းမှာမဟုတ်ပါဘူး။ မြေမှာချပြီး စိုက်ပျိုးလို့ရနိုင်တဲ့ ပျိုးပင်တစ်ပင်ဖြစ်လာအောင် မျိုးစေ့ကစပြီး စိုက်ပျိုးရ၊ ရှင်သန်အောင် ရေလောင်း၊ ပေါင်းသင်ပေးရတဲ့ ကရိကထနဲ့ ကုန်ကျစရိတ်တွေနည်းမှာ မဟုတ်ဘူး။ ပျိုးပင်တွေအခမဲ့ဖြန့်ဝေပေးတဲ့ သစ်တော ဦးစီးဌာန လူထုဖြန့် ပျိုးဥယျာဉ်တွေရဲ့ နှစ်စဉ် ဘတ်ဂျက် စာရင်းများ ကို လေ့လာကြည့်ရင် တွေ့ရနိုင်ပါတယ်။ ဝန်ထမ်းတွေက တာဝန်အရ ပျိုးထောင်ထားရတဲ့ ပျိုးပင်တွေကို ကျွန်တော်တို့က အလကားရ တယ်ဆိုပြီး ယူ၊ မြေကျင်းထဲထိုးစိုက်ပြီး ပစ်ထားလို့ ခြောက်သွေ့သေဆုံး ကုန်ရတယ်ဆိုရင် တိုင်းပြည်ရဲ့ဘဏ္ဍာကို ဖြုန်းတီးရာလည်း ကျပါတယ်။
လူကြီးမင်းတွေ၊ ရုံးပေါင်းစုံ ဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူ တွေ ဆင်နွှဲခဲ့ဖူးတဲ့ သစ်ပင်စိုက်ပွဲတော်တွေကို ပြန်စဉ်းစားကြည့်ရအောင်။ အလုပ်သမားတွေငှားပြီး မြေကျင်းတွေ အဆင်သင့်တူးခိုင်းတယ်။ သစ်တော ဦးစီးဌာနက ယူလာတဲ့ပျိုးပင်တွေကို ကိုယ်စီယူပြီး မြေကျင်းထဲထည့်၊ ဘေးမှာ အဆင်သင့်ပုံပေးထားတဲ့မြေစာနဲ့ဖုံး၊ ပြုံးပြုံးလေး ဓာတ်ပုံအရိုက်ခံ၊ ပြီးတော့ လက်ဆေး၊ ကျွေးတာစား၊ သစ်ပင်စိုက်ပွဲတော် အောင်မြင်စွာပြီးဆုံးပါတယ်။
သစ်ပင်စိုက်ပွဲတော်မှာ စိုက်ပြီးခဲ့ကြတဲ့ သစ်ပင်တွေကို ပြန်ကြည့်တာ အင်မတန်နည်းတယ်။ ရေလောင်းပေါင်းသင်ပြီး ရှင်သန်အောင်ဂရုစိုက်သူက မရှိသလောက်ပါပဲ။ ဒါကြောင့်လည်း တစ်နှစ် တစ်နှစ်မှာ စိုက်ပျိုးခဲ့တဲ့ သစ်ပင်၊ ပျိုးပင်ပေါင်း အရေအတွက် သန်းနဲ့ချီပြီးရှိခဲ့ပေမယ့် သိသာထိရောက်စွာ အကျိုးမခံစားရတာ ဖြစ်ပါတယ်။
သစ်ပင်စိုက်ရာမှာလည်း သူ့ဒေသနဲ့ကိုက်တဲ့အပင်မျိုးကို စိုက်ပျိုးဖို့ သင့်ပါတယ်။ မြန်မာနိုင်ငံက မြေအမျိုးအစားအမျိုးစုံ၊ ရာသီဥတုအမျိုးစုံ ကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ သဲမြေ၊ နုန်းမြေ၊ ရွှံ့မြေ၊ ကျောက်စရစ်မြေ မြေ အမျိုးမျိုးအထွေထွေရှိသလို မိုးများတဲ့ဒေသ၊ မိုးနည်းတဲ့ဒေသ၊ စွတ်စိုတဲ့ဒေသ၊ ခြောက်သွေ့တဲ့ဒေသ၊ တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသ သူ့ရေမြေ၊ သူ့ဒေသနဲ့ လိုက်ဖက်တဲ့အပင်မျိုးကို စိုက်ပျိုးမှ ရှင်သန်ပါတယ်။
ပျိုးပင်ကို မြေချရုံနဲ့ သစ်ပင်စိုက်တယ်လို့ မခေါ်နိုင်ပါဘူး။ စိုက်မယ့်မြေ နေရာ ကိုလည်း ကြည့်ရှုရွေးချယ်ရပါဦးမယ်။ အပင်အတွက် ရေရနိုင်ရဲ့လား၊ မရနိုင်ရင် ရေဘယ်ပုံရစေမှာလဲ၊ ရေနုတ်မြောင်းဖော်ပေးမှာလား၊ အပင် စိုက်မယ့် မြေနေရာက ရေဝင်တဲ့နေရာလား အရင်ကြည့်ရပါမယ်။
ပျိုးပင်ကို မြေကျင်းထဲချတာတောင်မှ သူ့စည်းကမ်း၊ သူ့နည်းလမ်းတွေ ရှိပါတယ်။ ပျိုးပင်တွေကို မြေချမစိုက်ပျိုးမီမှာ ပျိုးအိတ်(ပလတ်စတစ်အိတ်) ကို မြေလုံးကျစ်လျစ်စေဖို့ လက်ဖြင့်ညှစ်ပြီး ပျိုးအိတ် (ပလတ် စတစ်အိတ်)ရဲ့ ဘေးနှစ်ဖက်ကို ဓားနဲ့ခွဲ၊ ပျိုးပင်မြေလုံး မကွဲအောင် သေသေချာချာ ဂရုတစိုက် နဲ့ ပလတ်စတစ်အိတ်ကို ဆွဲချွတ် ဖယ်ထုတ်ရပါမယ်။ သစ်ပင်စိုက်ပွဲ ဆင်နွှဲသူအများစုဟာ ပလတ်စတစ်ပျိုးအိတ်ကို မဖယ်ဘဲ စိုက်သူကများတယ်။
မြေလုံးနဲ့ ပျိုးပင်ကို မြေကျင်းထဲမြေချစိုက်ပျိုးရာမှာ မြေလုံးမကွဲအောင် ဂရုပြုရမယ်။ မြေပြန်ဖို့ချိန်မှာ လေမဟာအောင် စိုက်ပင်ဘေးမှာ ပြန်ဖို့တဲ့မြေကို သိပ်သွားအောင် လက်နှစ်ဖက်နဲ့ သေသေချာချာ ဖိပေးရပါမယ်။ ပျိုးပင်နဲ့ အတူပါလာတဲ့ ပျိုးအိတ်မြေလုံးက မြေပေါ်ပေါ်မနေဖို့၊ စိုက်တဲ့ကျင်းထဲမှာ များစွာ မြုပ်မနေစေဖို့ သတိပြုရပါမယ်။ ဒါဆိုရင် သစ်ပင်ကို မြေချတဲ့ ကိစ္စပြီးပါတယ်။ မြေချပြီးတဲ့သစ်ပင်ကို ရှင်သန်အောင် ပြုစုပျိုးထောင်ထိန်းသိမ်း ရတဲ့အပိုင်းက ပိုပြီးအရေးကြီးတယ်။
သစ်ပင်စိုက်ပွဲတော်အဖြစ် စိုက်ကြတဲ့သစ်ပင်အများစုရဲ့ နေရာက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ စိုက်တာကပိုများတယ်။ သစ်ပင် တွေကို သီးသန့်တာဝန်ယူစောင့်ရှောက်မယ့်သူ မရှိတတ်ဘူး။ ဒါကြောင့်လူနဲ့ တိရစ္ဆာန်တွေရဲ့ အန္တရာယ်ရှိတယ်။ ကာကွယ်ပေးဖို့ လိုတယ်။
သစ်ပင်တစ်ပင်ရှင်သန်ကြီးထွားစေဖို့အတွက် မြေဆီသြဇာ၊ အစိုဓာတ်၊ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းဖို့ လိုပါတယ်။ သစ်ပင်လေး စိုက်ခါစမှာ ဒါတွေအဆင်ပြေအောင် ဂရုတစိုက်ဖြည့်ဆည်းပေးနေဖို့လိုတယ်။ ပိုးမွှားတွေဖျက်ဆီးမယ့်ဘေး၊ မလိုလားအပ်တဲ့ ပေါင်းမြက်တွေရဲ့ အနှောင့်အယှက်ကလည်း ရှိပါသေးတယ်။ ဒါတွေကို တစ်လတစ်ကြိမ်စိစစ်ပြီး ရှင်းလင်းပေးရမယ်။
သစ်ပင်ကို လေဝင်လေထွက်ကောင်းပြီး အပင်ရင်းမှာ ရေမဝင်အောင်၊ မြေအတွင်း အဏုဇီဝပိုးမွှားတွေရဲ့ လှုပ်ရှားမှုအား ပိုမိုကောင်းမွန်စေဖို့နဲ့ သစ်ပင်ရဲ့အမြစ် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ကာ အပင်အတွက်အစာကို ပိုမိုစုပ်ယူနိုင်စေဖို့ အပင်ရဲ့တစ်တောင်ပတ်လည်မှာ မြေတောင်မြှောက် ခါးဆွပေးတာကို မိုးရာသီအတွင်းမှာ လုပ်ပေးရပါမယ်။
သစ်ပင်အမြစ်စွဲချိန်မှာ ပေါင်းရှင်းတာ၊ မြေတောင်မြှောက် ခါးဆွတာ လုပ်သလို မြေဆီသြဇာလည်း ဖြည့်ဆည်းပေးနိုင်မှ အပင်ကရှင်သန်ပါတယ်။
မိုးနည်းသွားပြီး ပူပြင်းခြောက်သွေ့လာတဲ့အချိန်မှာ သစ်ပင်အတွက် အစိုဓာတ် လိုအပ်လာပါတယ်။ စိုက်ထားတဲ့သစ်ပင် ရှင်သန်ဖို့အတွက် သစ်ပင်ကို ရေလောင်းပေးဖို့၊ ရေရရှိအောင် တစ်နည်းနည်းဆောင်ရွက်ပေးဖို့ လိုပါတယ်။
ဒါတွေကို ဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြပါရဲ့လား။ ဘယ်သူလုပ်မှာလဲ။ ရေးထားတာ ဖတ်ရတာတောင်မှ ပျင်းစရာကောင်းလိုက်တာလို့ ထင်နေရင် သစ်ပင်ကို အမှန်တကယ်ပြုစုပြီး ရှင်သန်အောင်စိုက်ဖို့ခက်ပါတယ်။
မြန်မာနိုင်ငံမှာ သစ်ပင်တွေကို တကယ်ချစ်ပြီး ကိုယ့်အသိစိတ်နဲ့ကိုယ်သစ်ပင်လိုက်စိုက်နေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဥပမာ-မုံရွာမြို့က သိန်းတစ်ရာဦးချစ်လှိုင်ဆိုရင် ယခုအချိန်မှာ သစ်ပင်ပေါင်း ၃ဝဝဝ လောက် ရှင်သန်အောင် စိုက်ပြီးပါပြီ။ သူ့ကို ကဗျာဆရာကြီး ဆရာအံ့မောင်က 'ရုက္ခ ဗိသုကာ'လို့ အမည်ပေးထားတယ်။ FREDA ဦးအုန်းတို့က ဦးချစ်လှိုင်ရဲ့ သစ်ပင်စိုက်ပျိုးတဲ့အလုပ်ကို ဂုဏ်ပြုပြီး 'မြေကမ္ဘာ'ဆု အပ်နှင်းဖူးတယ်။ ယခုအခါ အသက် (၇ဝ) ကျော်တဲ့အထိ သူသစ်ပင်တွေ စိုက်နေဆဲ။
ချောင်းဦးမြို့နယ် ခင်မွန်ရွာ 'ဘုရားနီချောင်' ဘုရားဝင်းတစ်ခုတည်းမှာပဲ ဦးချစ်လှိုင် စိုက်ထားတဲ့သစ်ပင် အပင် ၁ဝဝဝ လောက်ရှိတယ်။ ''အရင်က ဒီနေရာကို ဘုရားနီချောင်လို့ ခေါ်တယ်။ ဘုရားတွေက အနီရောင်ချည်းပဲ။ သစ်ပင်လည်းမရှိဘူး။ ကျတ်တီးကုန်း။ ဟိုနားမှာ နေပူခံဆင်းတုကြီးက ထီးထီးကြီး၊ ဘေးမှာ နတ်စင်လည်း ရှိတယ်။ ကျွန်တော်တို့ငယ်ငယ်က ဒီနေရာက ချောက်ချားစရာကောင်းလို့ ဘယ်သူမှ အသွားအလာ သိပ်မရှိဘူး''ဆိုပြီး ဦးချစ်လှိုင်က ပြောတယ်။ ယခုတော့ သူ့ကျေးဇူးနဲ့ ကျတ်တီးကုန်းက သစ်ပင်အုပ်ကြီးဖြစ်နေပါပြီ။
ဦးချစ်လှိုင်ရဲ့ စီးပွားရေးက မုံရွာမြို့မှာ သိန်းတစ်ရာ ရွှေဆိုင်လုပ်ငန်းပါ။ ခင်မွန်က မုံရွာနဲ့ ချောင်းဦးကြားမှာ ရှိတယ်။ ''မိုးညိုရင် ကျွန်တော် ဒီ (ခင်မွန်ရွာ)ကို ရောက်လာတာ။ တစ်လက်မပဲရွာတဲ့မိုးရေကို လေးငါးလက်မ ရအောင် ဖမ်းထည့်ရတာ။ မိုးရွာလို့စီးလာတဲ့ရေတွေကို တာဖို့ပြီးဆယ်တယ်။ စုဆောင်းပြီးရေကို ကိုယ့်ခြံထဲ ထည့်ရတာ''လို့ ဦးချစ်လှိုင်က ပြောတယ်။ ခင်မွန်ရွာက သူသစ်ပင်တွေစိုက်ပျိုးထားတဲ့ဘုရားဝင်းကို ကျွန်တော် ရောက်ချိန်မှာ မိုးခေါင်ရေရှားတဲ့မုံရွာဒေသမှာရွာတဲ့ ရှားပါးမိုးရေကို ဘယ်လို ဆယ်ပြီး စုဆောင်းထားတယ်ဆိုတာကို လက်တွေ့လည်း မြင်ရပါတယ်။
ဦးချစ်လှိုင်က မုံရွာတစ်ဝိုက်က တောင်ကတုံးတွေကို စိမ်းမြအောင် တစ်ကိုယ်တော် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ''ပညာရှင်ကြီးတစ်ယောက်က လူတစ်ယောက်ကို သစ်ပင်နှစ်ပင်စိုက်ရင် ကမ္ဘာလောကကြီး ပြောင်းလဲသွား နိုင်တယ်တဲ့။ ကျွန်တော့်မှာ လူသားကောင်းကျိုးတွေလုပ်ဖို့ တာဝန်ရှိတယ် ဆိုတဲ့အမြင်တွေ ငယ်ငယ်က စာအုပ်ဖတ်ပြီး ကိုယ့်ကို စိုးမိုးနေတာ။ သဘာဝ တွေ ပြုန်းတီးနေတာကို ကိုယ်နိုင်သလောက် ပြန်လုပ်ပေးဖို့တော့ လူတိုင်းမှာ တာဝန်ရှိတယ်။ ကိုယ်စားသုံးခဲ့တာတွေအတွက် ကမ္ဘာမြေကြီးကို အကြွေးပြန် ဆပ်ရမယ်ဆိုတဲ့ စာပေတွေနဲ့ ကျွန်တော်ကြီးပြင်းလာခဲ့တာ''လို့ ဦးချစ်လှိုင်က ပြောတယ်။
သစ်ပင်တွေစိုက်ကြဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ သစ်ပင်တွေကို ချစ်မြတ်နိုးစွာ ဂရုစိုက်ပြီးစိုက်ကြရင် ကျွန်တော်တို့ သဘာဝဝန်းကျင်ဟာ မကြာခင်မှာ စိမ်းလန်းငြိမ်းချမ်းလာမှာပါ။
သစ်ပင်တွေကို ပြီးကပစ် လွယ်လွယ်မစိုက်စေချင်ပါ။ 'ပြောင်းလဲချိန် တန်ပြီ'လို့ ပြောပြောနေကြတာမို့ ယခုနှစ်ကစလို့ သစ်ပင်စိုက်မယ့်ပုံစံကို ပြောင်းလဲလိုက်ကြပါစို့။ ။
#ကျော်ရင်မြင့်