19/03/2026
အချစ်
( ၁ )
မင်းမရောက်ခင်ကဆို
ဆောင်းဦးပေါက်တိုင်းသည် နောက်ကျတတ်၏
ငါ့ရင်ထဲမှာလည်း
နွေမကုန်သေးချေ ။
မင်းမရောက်ခင်ကဆို
စမ်းချောင်းတို့သည် ရေနည်းသေး၏
ငါ့ရင်ထဲမှာလည်း
မျက်ရည်တွင်းကို မတူးရသေးချေ ။
မင်းမရောက်ခင်ကဆို
ပျားပိတုန်းတို့ ပန်းမခပ်ကြသေး
ငါ့ရင်ထဲမှာလည်း
မြတ်နိုးခြင်းကို မစုဆောင်းရသေးချေ ။
မင်းမရောက်ခင်ကဆို
လေညှင်းတို့ စောင်းကြိုးမပြင်သေး
ငါ့ရင်ထဲမှာလည်း
အိပ်မက်တို့ တေးမသီသေးချေ ။
မင်းမရောက်ခင်ကဆို
မင်းကို ငါ မမြင်ဖူးသေး
အချစ်နဲ့ သောကကိုလည်း
မမြင်ဖူးသေးချေ။
( ၂ )
မင်းရောက်လာမှ
ပန်းရောင်စုံတို့ အိပ်ရာက နိုးကုန်သည်
သစ်သီးတို့လည်း ချိုတော့သည်။
မင်းရောက်လာမှ
ကြင်နာခြင်း လိမ်းကျံ ထားသော
သောကလက်ကို ငှား၍
ငါ့အချစ်တံခါးကို
ခေါက်မည့်သူလည်း ပေါ်တော့သည်။
( ၃ )
မင်းကို မြေမှာမြုပ်ထား ပတ္တမြားဖြစ်၏
မီးနဲ့ရောမွှေ ရွှေဖြစ်၏
မင်းကို
ရေမှာမျှောလျှင် ပန်းပင်လယ်ဖြစ်၏
လေထဲ လွှင့်ပစ် ချစ်ရနံ့ဖြစ်၏
မင်းကို
ထက်ခြမ်းခွဲချ နေလဖြစ်၏
ကောင်းကင်မှာဖြန့် သက်တန့်ဖြစ်၏
မင်းကို
ငါ့ခေါင်းထဲနှစ် အိပ်မက်ဖြစ်၏
ငါ့လည်မှာဆွဲ ငါ့ရင်ထဲမှ အသဲဖြစ်၏
( ၄ )
မင်းစွန့်သွားလျှင်
နေဝင်ချိန်လည်း မကြည့်ရဲဘဲ နေလိမ့်မည်
မိုးနဲ့မြေလည်း နေရာလွဲလျက်
အိုးထိန်းစက်ပမာ လည်လိမ့်မည် ။
မင်းစွန့်သွားလျှင်
ကြည့်မြင်လေရာ မင်းမျက်နှာချည်း ထင်လိမ့်မည်
သစ်ရွက်တို့လည်း ပိုလို့ပဲ စိမ်းလိမ့်မည်
မင်းစွန့်သွားလျှင်
အိပ်မက်ပင်လည်း မပွင့်သီးဘဲ နေလိမ့်မည်
ငါ့နှုတ်ခမ်းလည်း အလုပ်လက်မဲ့ဖြစ်လိမ့်မည်။
မင်းစွန့်သွားလျှင်
ခုံတန်းလျားဖြူ ထိုင်သူမရှိ ဖြစ်လိမ့်မည်
မျက်ရည်ကန်လည်း နွေမဟုတ်ဘဲ ခမ်းလိမ့်မည်
မင်းစွန့်သွားလျှင်
ပန်ဆင်သူဝေး ပန်းကလေးများ ငိုလိမ့်မည်
သောကတစ္ဆေ
ကိုယ်ယောင်ပြပြီး ပျောက်လိမ့်မည် ။
- သစ္စာနီ