27/02/2026
မြစ်ကြီးနားလေဆိပ်အတွင်းလက်နက်ကြီး ပေါက်ကွဲမှုဖြစ်ပွါးခဲ့၊ MNA လေယာဉ် ကိုယ်ထည် လက်နက်ကြီးစ ထိမှန်မီးလောင်
By Yu San. 20 February 2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ ဒီကနေ့ည ၈ နာရီဝန်းကျင်က လက်နက်ကြီး ကျပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး လေဆိပ်ကထွက်ခွါဖို့ပြင်နေတဲ့ လေယာဉ်ကိုယ်ထည် ထိခိုက်မှုရှိခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးလမ်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်တွေ ပြောဆိုနေပါတယ်။
လေဆိပ်ကနေ ထွက်ခွါဖို့ပြင်ဆင်နေတဲ့ မြန်မာ့လေကြောင်းလိုင်း (MNA) ရဲ့လေယာဉ်ကိုယ်ထည် အမြီးဘက်ပိုင်း လက်နက်ကြီးစထိမှန်ပျက်စီးခဲ့ပြီး မီးလောင်ပျက်စီးမှုတွေရှိခဲ့ကြောင်း သိရပါတယ်။
ရုတ်တရက်ဖြစ်ပျက်သွားတဲ့ အခြေအနေကြောင့်ခရီးသည်တွေ အထိတ်တလန့်ဖြစ်ခဲ့ပြီး သတိလစ်မေ့မြောသူလည်းရှိခဲ့ကြောင်း ခရီးသည်တွေက ပြောဆိုနေကြပါတယ်။
လက်ရှိအချိန်မှာလည်း လေဆိပ်အနီးတဝိုက် လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆက်တိုက်ထွက်ပေါ်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေတာကြောင့် မြို့နေလူထု ထိတ်လန့်စိုးရိမ်နေကြပါတယ်။
ဖေဖော်ဝါရီ ပထမအပတ်အတွင်းမှာ မြစ်ကြီးနားလေဆိပ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ ဖြစ်စဉ်တွေဖြစ်ပွါးခဲ့ပြီ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း လေဆိပ်ဝင်းထဲ လက်နက်ကြီး သယ်ဆောင်လာတဲ့ ဒရုန်းတစ်စင်း ပျက်ကျခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
မြစ်ကြီးနားမြို့ခံတစ်ဦးကတော့ လေဆိပ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဟာ မြစ်ဆုံဆည်စီမံကိန်းအတွက် စည်းရုံးရေးလုပ်ဆောင်ဖို့ မြစ်ကြီးနားကိုလာရောက်တဲ့ စစ်ကော်မရှင်ရဲ့ပြည်ထောင်စုဝန်ကြီးခရီးစဉ်နဲ့ ဆက်စပ်နိုင်ကြောင်း ခန့်မှန်းပြောဆိုပါတယ်။
“သူတို့ (စစ်ကော်မရှင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့) လာလို့ ပစ်တယ်ထင်တာပဲ။ နှစ်ရက်ရှိပြီ လုံခြုံရေးအရမ်းချထားတာ”
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနဲ့ပက်သက်ပြီး ဘွဲ့နှင်းသဘင်မြစ်ကြီးနားတက္ကသိုလ်ခန်းမမှာ ဒီနေ့မနက်ပိုင်းက စစ်ကော်မရှင်ရဲ့ပြည်ထောင်စုဝန်ကြီးနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒေသခံ ပြည်သူလူထုနဲ့တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သေးကြောင်း သိရပါတယ်။